Thesis စာတမ်း ဘယ်လို ရေးရမှာလဲ

3 minute read

Published:

ကျောင်းသားဘဝတုန်းက သိပ်သိချင်ခဲ့တဲ့ မေးခွန်း တစ်ခုပါ။ လက်ရှိ တက္ကသိုလ် ကျောင်းသား ကျောင်းသူများလည်း သိချင်မယ် ထင်ပါတယ်။ Bachelor ဘွဲ့ အတွက် Project, Master ဘွဲ့ အတွက် Thesis, Doctor ဘွဲ့ အတွက် Dissertation စသဖြင့် စာတမ်း အမျိုးမျိုး ရေးကြရပါတယ်။ ဒီအတွက် ဘယ်က ဘယ်လို စရင် ကောင်းမလဲ မသိ ဖြစ်တတ်ကြပါတယ်။ မိမိသိသလောက် ပြန်လည်ဝေငှ ပါတယ်။

စာတမ်းဆိုတာ ဘာလဲ၊ ဘာလို့ရေးရတာလဲ စာတမ်းဆိုတာ မိမိလုပ်ထားတဲ့ research အကြောင်းရေးတာပါ။ ဘာလို့ ရေးတာလဲဆိုတော့

၁။ သင်ယူလေ့လာနေတဲ့ ဘာသာရပ်နှင့် ပတ်သက်ပြီး ဘယ်လောက် သိထားတယ်ဆိုတာ သက်သေပြဖို့ ၂။ မိမိသိထားတဲ့ နည်းပညာကို တစ်ခြားသူတွေကို ဝေငှဖို့ နှင့် ၃။ မိမိစာတမ်းကို ဖတ်တဲ့သူက မိမိထက် ပိုကောင်းတဲ့ နည်းပညာအသစ်တစ်ခုကို ပြုလုပ်နိုင်ဖို့ပါ

research ဆိုတာ ဘာလဲ၊ ဘာလို့လုပ်တာလဲ

research ဆိုတာရှင်းပါတယ်။ re- ပြန်လည်၍ search ရှာဖွေလေ့လာခြင်းပါ။ research လုပ်တယ်ဆိုတာ တစ်ယောက်ယောက်က လုပ်ခဲ့တဲ့ အလုပ်တစ်ခုခုကို အသေးစိတ် ပြန်လည်လေ့လာပြီး ပိုကောင်းအောင် လုပ်တာပါ။ ဒီလိုနဲ့ နည်းပညာ တစ်ဆင့်တစ်ဆင့် တိုးတက်မှု ဖြစ်တာပါ။ ဥပမာအားဖြင့် ကြိုးဖုန်းကနေ စမတ်ဖုန်း ဖြစ်လာတာ၊ TV အထူကြီ:တွေကနေ ပါးပါးလေးတွေ ဖြစ်လာတာ၊ ကားတွေမှာ အလိုလိုထိန်းချုပ်တဲ့ ဂီယာတွေ ဖြစ်လာတာ စတာတွေပါ။ ယုတ်စွအဆုံး အိမ်မှာ အမေချက်တဲ့ ဟင်းကို သေချာ အရသာခံပြီး ပိုကောင်းအောင် အမျိုးမျိုး စမ်းသပ်ချက်တာလည်း research လုပ်တာပါပဲ။ သူများဘယ်လို လုပ်ခဲ့ သလဲ ဆိုတာကို အသေးစိတ်နားမလည်ရင် ပိုကောင်းအောင် မလုပ်နိုင်ပါဘူး။ အသေးစိတ်နားလည်ဖို့ အခြေခံကို ပိုင်နိုင်ဖို့ လိုပါတယ်။ မပိုင်နိုင်ခဲ့ရင် ဘာမဆို ပြန်လေ့လာလို့ ရပါတယ်။ အခုလို Internet ခေတ်မှာ မသိရင် ဘာမဆို ဆရာ Google ကိုမေးပါ။ ဒီလိုနဲ့ ပြန်ပြန်လေ့လာရင်းနှင့် ပညာရပ်တစ်ခုမှာ ကျွမ်းကျင်သူ ဖြစ်လာတာပါ။

research မလုပ်ဘဲ ဘယ်လိုမှ နည်းပညာ မတိုးတက်နိုင်ပါဘူး။ နည်းပညာ တိုးတက်တော့ လူနေမှုအဆင့် မြင့်လာမယ်၊ နည်းပညာကို အခြေခံပြီး စီးပွားရေးလုပ်တော့ နိုင်ငံ ချမ်းသာမယ် စသဖြင့် ကွင်းဆက်တွေပါ။ ဒီထက်ပိုပြီး နည်းပညာတိုးတက်တော့ နည်းပညာနဲ့ နိုင်ငံတစ်ကာက လူသားတွေကို ကူညီနိုင်မယ်။ ဒါ့ကြောင့် research လုပ်ရတာပါ။

research ဘယ်လို လုပ်ရမှာလဲ

မိမိလေ့လာနေတဲ့ ဘာသာရပ်နှင့် ပတ်သက်တဲ့ အခြေခံတွေကို လေ့လာပြီးနောက် ကိုယ်က ဘယ်အပိုင်းမှာ စိတ်ဝင်စားသလဲ ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ပါ။ ဥပမာအားဖြင့် IT ဆိုရင် Web ကို စိတ်ဝင်စားတယ်၊ Database ကို စိတ်ဝင်စားတယ်၊ Networking စိတ်ဝင်စားတယ် စသဖြင့်ပါ။ ဒီထဲက မှာ ထပ်ပြီး Web ဆိုရင် Web security ကို စိတ်ဝင်စားတယ်စသဖြင့် မိမိအားသာချက် အားနည်းချက် ကို အရင်သိပါ။ ပြီးရင်တော့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာနှင့် ပတ်သက်ပြီး သူများတွေ ဘယ်လို research တွေ လုပ်ထားလဲဆိုတာ လေ့လာဖို့ လိုပါတယ်။ ဒါသိမှ ကိုယ်က ဘယ်လို ထပ်ကောင်းအောင် လုပ်ရမလဲ သိမှာ မို့ပါ။ security နှင့်ပတ်သက်တဲ့ research field တစ်ချို့အကြောင်း နောက် post တွေမှာ ရေးပါဦးမယ်။

ဘယ်ကစရမလဲဆိုတော့ နိုင်ငံတစ်ကာအဆင့် research coference တွေကနေ research စာတမ်းတွေကို Download လုပ်တာကနေ စရပါမယ်။ ဥပမာ မိမိ စိတ်ဝင်စားတာက security ဆိုရင် Google မှာ “top information security conferences” “security symposium” စတဲ့ keyword အမျိုးမျိုးနဲ့ ရှာပါ။ ဒီထဲကမှ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာနှင့် ပတ်သက်တဲ့ သုတေသနစာတမ်းတစ်စောင် အရင်ရှာပါ။ သေချာဖတ်ပါ။ ဖတ်ပြီး သေချာ နားမလည်ရင် စပ်ဆက်နေတဲ့ အခြေခံကို ပြန်လေ့လာပါ။ သူများလုပ်ထားတဲ့ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာနှင့် ပတ်သက်တဲ့ စာတမ်းအနည်းဆုံး ၃ စောင်လောက် နားလည်အောင် ဖတ်ပြီးရင်တော့ ဘယ်လိုထပ်ကောင်းအောင် လုပ်လို့ရလဲ စဥ်းစားတဲ့ အပိုင်းပါ။ စာတမ်းဖတ်ပြီး တစ်ကယ်နားလည်တယ်ဆိုတာ ကိုယ်က သူများလုပ်ထားတဲ့ research ကို တစ်သဝေမတိန်း ပြန်လုပ်နိုင်လောက်အောင် နားလည်တဲ့ အဆင့်ကိုဆိုလိုပါတယ်။ သူများစာတမ်းတွေ ဖတ်ပြီး တွေ့တတ်တဲ့ ပြသနာတစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ ပြသနာပါ။ အမလေး ငါတော့ ဒီလောက် မလုပ်နိင်လောက်ဘူး ဆိုတာမျိုးပါ။ ဖြေရှင်းနည်းအနေနဲ့ ကတော့ research ကို တစ်အား အကြီးကြီး လုပ်ဖို့ မလိုပါဘူး။ မိမိလုပ်ချင်တာလေးကို ရှိတဲ့ အချိန်အတိုင်းအတာအတွင်းမှာ အကြောင်းအရာ သေးသေးလေ:ပဲဖြစ်ဖြစ် စလုပ်ဖို့ လိုပါတယ်။ ဒီအချိန်မှာ အရေးကြီးတာက supervisor လို့ခေါ်တဲ့ ဆရာပါ။ ဆရာက ကျောင်းသားကို သူလုပ်ထားတဲ့ အကြောင်းအရာ သေးသေးလေ:ကို အခြေခံပြီး အကြီးကြီး ဖြစ်အောင် မေးခွန်းတွေမေးရင်းမေးရင်းနှင့်ချဲ့ ပေးပြီး ကောင်းမွန်ပြီး အဆင့်ရှိတဲ့ စာတမ်းတစ်ခု ဖြစ်လာတာပါ။ supervisor နှင့်တွေ့တဲ့ အချိန်မှာ ကိုယ် ဘာတွေ လုပ်ထားတယ်၊ ဘာဆက်လုပ်သင့်လဲ ဆိုတာကို မေးရမှာပါ။ ကိုယ်က ဘာမှ စမလုပ်ထားရင် supervisor လည်းဘာမှ ဆက်မလုပ်ပေးတတ်ပါဘူး။

နိုင်ငံတစ်ကာမှာ ဆိုရင်တော့ မိမိလုပ်ထားတဲ့ research နှင့် ပတ်သက်တဲ့ အကြောင်းအရာကို conference မှာ စာတမ်းဖတ်ပြီး မိမိလုပ်ထားတဲ့ research ကို သိအောင် ချပြရပါတယ်။ ဂျပန်မှာဆိုရင်တော့ Master ဘွဲ့အတွက် ကောင်းမွန် အဆင့်မှီတဲ့ research paper အနည်းဆုံး တစ်စောင် conference မှာ မဖတ်နိုင်မချင်း ဘွဲ့မပေးပါဘူး။ Doctor ဘွဲ့အတွက်ဆိုရင်တော့ မိမိတက္ကသိုလ်က ဆရာအပြင် တစ်ခြား ပညာရှင်အဖွဲ့ တွေကနေပြီး စစ်မှန်တဲ့၊ သူများနဲ့ မတူတဲ့၊ တစ်ကယ်တန်း အသုံးကျတဲ့၊ ဆိုတဲ့ အချက်တွေနဲ့ ဆုံးဖြတ်ထားတဲ့ Journal paper လို့ခေါ်တဲ့ စာတမ်း အနည်းဆုံး နှစ်စောင် နှင့် နိုင်ငံတစ်ကာ အဆင့် conference မှာ ဖတ်ထားတဲ့ စာတမ်း အနည်းဆုံး တစ်စောင် လိုပါတယ်။

ဘာစိတ်ဝင်စားမှန်းကို မသိရင် ဘာလုပ်ရမလဲ

ဒါကဖြစ်တတ်တဲ့ သဘာဝပါ။ လုပ်သင့်တာတစ်ခုက တော့ မိမိဆရာ၊ ကိုယ့်အထက်အတန်းက စီနီယာ ကျောင်းသားတွေထဲက ကိုယ်လေးစားလောက်ရတဲ့ သူ ဘယ်လို research တွေလုပ်နေတာလဲ ဆိုတာကို ရှာကြည့်ပါ။ သူတို့ရေးခဲ့တဲ့ စာတမ်းတွေ တောင်း ဖတ်ကြည့်ပါ။ နောက်တစ်နည်း ကတော့ မိမိဘာသာ စိတ်အေးအေးထားပြီး သေချာပြန်လည်စမ်းစစ်ပါ။ ဥပမာအားဖြင့် ကိုယ်က ဘယ်လိုသတင်းတွေကို စိတ်ဝင်စားတယ်၊ ဘယ်နေရာမှာ ဘယ်လိုအလုပ်လုပ်ချင်တာလဲ ဆိုတာကို အခြေခံပြီး ဘာစိတ်ဝင်စားလည်းသိနိုင်ပါတယ်။ နောက်တစ်နည်းကတော့ နောက် ၅ နှစ်လောက်မှာ ကိုယ်လေ့လာနေတဲ့ field ထဲက ဘယ်အကြောင်းအရာ ကတော့ဖြင့် ခေတ်စားလာနိင်တယ်ဆိုတာကို စမ်းစစ်ပြီး ကိုယ်ဘာစိတ်ဝင်စားသင့်သလဲ ဆုံးဖြတ်တာမျိုးပါ။ ဘွဲ့ရဖို့ တစ်ခုတည်း အတွက် မလုပ်ပါနဲ့ တစ်ကယ်တတ်အောင်လုပ်ပါ။ ဒါမှ အသုံးကျတဲ့ သူဖြစ်မှာပါ။

Bachelor, Master, Doctor စာတမ်းတွေက ဘာကွာတာလဲ

Bachelor ဘွဲ့ အတွက် project, Master ဘွဲ့ အတွက် Thesis, Doctor ဘွဲ့ အတွက် Dissertation စသဖြင့် အမည် အမျိုးမျိုးကွာပေမယ့် အားလုံးဟာ သုတေသန ဖို့တွေချည်းပါပဲ။ ဆံပင်ညှပ်တာနှင့် ဥပမာ ပေးရရင်တော့ Bachelor တန်းက research ဆိုတာ တစ်ခြား ဆံပင်ညှပ်ဆရာ တစ်ယောက်ညှပ်ပုံ ညှပ်နည်းကို ကြည့်ပြီး မိမိသိထားတဲ့ အခြေခံတွေကို သုံးပြီး လိုက်ညှပ်ကြည့်တာမျိုးပါ။ Master တန်းက research ကျတော့ သူများညှပ်ပုံ ညှပ်နည်းကို နဲနဲ ကွန့်ပြီး ကိုယ့်ဒီဇိုင်းတစ်ခု လုပ်ကြည့်တာမျိုးပါ။ Doctor တန်းကြတော့ နောက်ထပ်ညှပ်နည်း အသစ်ကို တီထွင်တာမျိုးပါ။

စစ်မှန်သော ပညာရပ်များကို ကောင်းစွာ လေ့လာနိုင်ပြီး၊ အများအကျိုးအတွက် အသုံးချ နိုင်သော နည်းပညာများ တတ်မြောက်သူများဖြစ်ကြပါစေ။