Security နယ်ပယ်မှာ နောက်ဆုံးပေါ်နည်းပညာတွေကို လေ့လာဖို့ အကောင်းဆုံးနေရာ

3 minute read

Published:

Security နှင့်ပတ်သက်တဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို လေ့လာဖို့ အကောင်းဆုံးနေရာက security conference တွေပါ။ မြန်မာနိုင်ငံက security နှင့်ပတ်သက်တဲ့ အလုပ်အကိုင် လုပ်နေသူတွေ၊ လေ့လာဆဲ ဝါသနာရှင်တွေ၊ ကျောင်းသားတွေ အားလုံးအတွက် နည်းပညာ အသစ်တွေကို မျက်ခြေအပြတ်စေဖို့၊ နိုင်ငံတစ်ကာအဆင့်မှာ ရင်ဘောင်တန်းအလုပ်လုပ်တဲ့အခါ အထောက်အကူဖြစ်စေဖို့ နှင့် အဆင့်မြင့် နည်းပညာစာတမ်းများ ထွက်ရှိဖို့ ရည်ရွယ်ရေးသားပါတယ်။

Security Conference ဆိုတာ

Security နှင့်ပတ်သက်တဲ့ နယ်ပယ်အသီးသီးမှ ပညာရှင်တွေ၊ ဝါသနာရှင်တွေ၊ ကျောင်းသားတွေက မိမိတို့ လေ့လာတွေ့ရှိချက်တွေကို အများလေ့လာနိုင်အောင် ဟောပြောတဲ့ နေရာပါ။ အကြမ်းဖျင်းအားဖြင့် academic နှင့် non-academic ဆိုပြီး security conference နှစ်မျိုးရှိပါတယ်။

Academic conference တွေမှာတော့ အများအားဖြင့် နိုင်ငံတစ်ကာက နည်းပညာ တက္ကသိုလ်တွေက ကျောင်းသားတွေ၊ ဆရာတွေက မိမိတို့ဆိုင်ရာ နယ်ပယ်အသီးသီးက အသစ်အသစ်သော တွေ့ရှိချက်တွေ ကို ဟော​ပြော ကြပါတယ်။ ကျောင်းသားမဟုတ်တဲ့အပြင်သူတွေလဲ ဟောပြောလို့ရပါတယ်။ မိမိဟောပြောမယ့် အကြောင်းအရာနှင့် ပတ်သက်တဲ့ စာတမ်းကို ပညာရှင်တွေ စုစည်းထားတဲ့ ဟောပြောပွဲ ကျင်းပရေးကော်မတီကို အရင်တင်ရပါတယ်။ ကော်မတီက စစ်မှန်သော ပညာရပ်ဖြစ်ကြောင်းကို စစ်ဆေးပြီး လက်ခံမှ ဟောပြောလို့ရတာပါ။ နိုင်ငံတစ်ကာက security နှင့် ပတ်သက်တဲ့ အဆင့် အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ conference တွေဆိုရင် တင်လာတဲ့ စာတမ်းတွေထဲကမှ လက်ခံတဲ့ နှုန်းက ၂၀ ကနေ ၃၀ ရာခိုင်နှုန်း အတွင်းလောက်ပဲ ရှိပါတယ်။

Non academic မှာတော့ တစ်ကယ့် ပညာရှင်တွေ နှင့် ဝါသနာရှင်တွေ ဟောပြောတာများပါတယ်။ ကျောင်းသားတွေ ဟောပြောလို့လဲ ရပါတယ်။ White paper လို့ခေါ်တဲ့ စာတမ်းရှည် ရေးပြီး ဟောပြောပွဲ ကျင်းပရေးကော်မတီကလက်ခံမှ ဟောပြောရတဲ့ conference တွေနှင့် စာတမ်းရှည်ရေးစရာ မလိုပဲ အနှစ်ချုပ်လောက်ကိုပဲ ရေးပြီး ဟောပြောပွဲ ကျင်းပရေးကော်မတီက လက်ခံမှ ဟောပြောရတဲ့ conference ဆိုပြီး ရှိပါတယ်။

အထက်မှာရေးသားခဲ့တာက international security conference တွေနှင့် ပတ်သက်လို့ ဖြစ်ပါတယ်။ မိမိလေ့လာတွေ့ ရှိချက်ကို စာတမ်းရေးတင်သူတွေ ၁၀၀ ရာခိုင်နှုန်းနီးပါးက ဟောပြောခွင့် ရတဲ့ local conference တွေလဲရှိပါတယ်။ local conference တွေကတော့ ကျောင်းသားတွေကို ဟောပြောပွဲ အတွေ့ အကြုံရအောင်နှင့် စာတမ်းဖတ်ပွဲမှာ မိမိနိုင်ငံအတွင်းက အခြားပညာရှင်တွေရဲ့ ထောက်ပြချက်တွေ မေးခွန်းတွေကနေ တစ်ဆင့် တဖြည်းဖြည်း မိမိ လေ့လာတွေ့ရှိချက်ကို ပိုပိုကောင်းအောင်လုပ်ပြီး နိုင်ငံတစ်ကာအဆင့် မှာ တင်တဲ့ အခါ အထောက်အပံ့ ဖြစ်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာများပါတယ်။ ဂျပန်မှာဆိုရင်တော့ လစဥ်လိုလို local conference တွေရှိပါတယ်။

ဘယ်မှာ လေ့လာ ရမှာလဲ

Online ကနေဆိုရင်တော့ conference အချို့မှာ ဖတ်ကြားခဲ့တဲ့ စာတမ်းတွေ၊ power point တွေ၊ video ဖိုင်တွေကို သက်ဆိုင်ရာ conference ရဲ့ website တွေမှာ တင်ထားတတ်တာမို့ ဝင်ရောက်လေ့လာနိုင်ပါတယ်။ Youtube မှာလည်း conference အမည်နဲ့ရှာရင် video file တွေအများကြီး ရှိပါတယ်။ Security နယ်ပယ်မှာ ညွှန်းချင်တဲ့ conference တွေကတော့ ..

Academic ဆိုရင်

  • USENIX Security Conferences
  • RAID Symposium (Research in Attacks, Intrusions and Defenses)
  • NDSS Symposium (The Network and Distributed System Security)
  • S&P (IEEE Symposium on Security and Privacy)
  • ICDCS (IEEE International Conference on Distributed Computing System)
  • CCS (Conference on Computer and Communications Security)

Non academic ဆိုရင်

  • Blackhat
  • Defcon
  • RSA conference
  • Botconf (The botnet figiting conference)

တစ်ခြား တစ်ခြားသော security ဆိုင်ရာ conference တွေလည်းအများကြီး ရှိသေးတာမို့ conference material တွေကို conference အလိုက် စုစည်းပေးထားတဲ့ ဒီ link မှာ လေ့လာကြည့်ပါ။

Conference ကို မိမိကိုယ်တိုင် တက်ရောက်နိုင်တယ် ဆိုရင်တော့ အကောင်းဆုံးပါ။ တက်ရင်းနှင့် Blackhat, Defcon စတဲ့ Conference တွေမှာ CTF(Capture The Flag) game တွေဝင်ပြိုင်နိုင်ပြီး၊ သင်တန်းတွေ လည်းတက်နိုင်၊ နိုင်ငံတစ်ကာက အသိမိတ်ဆွေတွေလည်း တိုးနိုင်တာမို့ပါ။

Career နှင့် ပတ်သက်လို့ ဘယ်လို အသုံးကျတာလဲ

Security Conference တွေဆိုတာ တစ်နည်းအားဖြင့် မိမိ ဘာတွေလေ့လာနေတယ်၊ ဘယ်လောက် သိထားတယ်ဆိုတာကို သက်သေပြနိုင်တဲ့၊ အများသိစေနိုင်တဲ့ အခွင့်အရေးတစ်ခုပါ၊ ကျောင်းသားတွေအတွက် အလုပ်အကိုင် အဆက်အသွယ်တွေ အများကြီး ရနိုင်တဲ့ နေရာဖြစ်ပြီး လုပ်ငန်းခွင်က လူတွေအတွက်ကတော့ လူတော် ကျောင်းသားတွေကို မိမိတို့ လုပ်ငန်းခွင်ကို မိတ်ဆက်ပေးနိုင်တဲ့ အခွင့်အလမ်း တစ်ခုလည်းဖြစ်ပါတယ်။ ဂျပန်မှာဆိုရင်တော့ ဘယ်လို conference မှာ ဘယ်လောက် ဟောပြောခဲ့တယ်၊ အဆင့်မြင့်တဲ့ စာတမ်းဘယ်လောက်ရေးခဲ့တယ် ဆိုတာကို သိပ်ကို တန်ဖိုးထားပါတယ်။ တစ်ချို့ ထူးချွန်ကျောင်းသားတွေဆို သူတို့ ရေးတဲ့ စာတမ်းနှင့်ပတ်သက်လို့ လူသိများပြီး အလုပ်လျှောက်စရာ မလိုလောက်အောင်ကို အလုပ်အကိုင်တွေက သူသူငါငါ အပြိုင်အဆိုင် သူတို့ဆီမှာ အလုပ်ဝင်ဖို့ ဖိတ်ခေါ်ကြပါတယ်။ အထူးအခွင့်အရေးမှန်းသိတာမို့ ဂျပန်က တော်တဲ့ လူငယ်တွေဟာ တက္ကသိုလ်မှာ စာတမ်းများများရေးနိုင်ဖို့ နေ့မနား ညမနား အလွန်ကို ကြိုးစားကြပါတယ်။ မြန်မာလူငယ်တွေလည်း နိုင်ငံတစ်ကာအဆင့် conference တွေမှာ အဆင့်မြင့်မြင့် တက်ရောက်ဟောပြောနေတာကို မြင်ချင်မိပါတယ်။

ကျောင်းသားမှ မဟုတ်ပါဘူး လုပ်ငန်းခွင်ကသူတွေလည်း စာတမ်းကောင်းကောင်းတင်နိုင်ရင် မိမိကြိုက်တဲ့လစာ တောင်းဆိုနိုင်တဲ့ လုပ်ငန်းခွင်မျိုးကို ရွေးချယ်နိုင်ပါတယ်။ Security field က အလုပ် အလွန်ကို ပေါပါတယ်။ တော်ဖို့ပဲ လိုတာပါ။

နိုင်ငံတစ်ကာ conference တွေကို စာတမ်းဘယ်လို တင်ရမှာလဲ

သက်ဆိုင်ရာ conference website တွေမှာ ဟောပြောပွဲရက် မတိုင်ခင် အကြမ်းဖျင်းအားဖြင့် ၃၊ ၄ လ အလို လောက်မှာ CFP (Call for Paper) ဆိုပြီး စာတမ်းတင်ဖို့ ခေါ်စာကို ဟောပြောပွဲကျင်းပရေးကော်မတီက တင်တတ်ပါတယ်။ ဘယ် conference က ဘယ်တော့ CFP ခေါ်မလဲဆိုတာကို ဒီ link မှာ လေ့လာနိုင်ပါတယ်။ ဟောပြောချင်သူက CFP မှာ နောက်ဆုံးရက် ဘယ်တော့ အထိ၊ အများဆုံး စာမျက်နှာ ဘယ်လောက်အထိ၊ ဘယ်လိုပုံစံနှင့် စာတမ်းရေးရမယ်ဆိုတဲ့ ညွှန်ကြားချက် ကိုရှာပြီး မိမိ လေ့လာတွေ့ရှိချက်တွေကို ရေးသားရပါတယ်။ ဘာတွေရှာဖွေတွေ့ရှိထားတယ်၊ လက်ရှိ နည်းပညာထက် ဘယ်လောက်ပိုကောင်းအောင်လုပ်ထားတယ်၊ ဘာကွာတယ်၊ ဘယ်လို အကျိုးပြုနိုင်တယ်၊ ဘယ်လိုနည်းနဲ့ ဘယ်လိုလုပ်လို့ ဘယ်လို အဖြေတွေထွက်လာတယ် စသဖြင့်အချက်အလက်နှင့် တကွ စာတမ်းရေးရပါတယ်။ A4 ကို နှစ်ကော်လံခွဲ ထားတဲ့ ပုံစံနှင့် ၆ မျက်နှာကနေ ၁၀ မျက်နှာလောက်အတွင်းရေးကြတာများပါတယ်။ ဂျပန်က နည်းပညာတက္ကသိုလ်တွေမှာ ဆိုရင်တော့ ဆရာကအရင် စစ်ဆေးပြီး conference တင်သင့်တယ် လို့ ဆုံးဖြတ်ပြီးမှတင်ရပါတယ်။ Security နှင့် ပတ်သက်တဲ့ conference ကိုတင်ဖို့ စာတမ်းကို စစ်ဆေးပေးစေလိုပါက မြန်မာနိုင်ငံက ကျောင်းသားဖြစ်ပါက မည်သူမဆို ဆက်သွယ်ပါ။ တတ်နိုင်သလောက် အကြံပေးကူညီပါမယ်။

တစ်ချို့ security conference တွေမှာ မိမိလေ့လာနေဆဲ အကြောင်းအရာအချို့ကို poster session မှာ poster အနေနှင့်လည်း တင်နိုင်ပါတယ်။ မိမိရဲ့ poster ရှေ့မှာရပ်နေပြီး စိတ်ဝင်စားသူက လာမေးရင် ရှင်းပြရတာမျိုးပါ။ ဒါ့အပြင် on going works session ဆိုပြီး မိမိလုပ်နေဆဲ အကြောင်းအရာကိုဆွေးနွေးနိုင်တဲ့ session တွေလည်းရှိပါတယ်။

Conference ကိုတက်ရောက်တဲ့ ကုန်ကျစားရိတ်ကို တော့ မိမိလုပ်ငန်းခွင်၊ တက္ကသိုလ်တွေက နေ ထောက်ပံ့တာများပါတယ်။ USENIX conference ဆိုရင်တော့ စာတမ်း အရွေးခံရရင်၊ ကျောင်းသားဖြစ်ရင် တက်ရောက်စားရိတ်ကို ထောက်ပံ့ကြေးလျှောက်နိုင်ပါတယ်။

မြန်မာတွင်သာမက ကမ္ဘာ့အလည်မှာ အဆင့်မြင့်မြင့် ပညာရပ်များကို ပွဲလည်တင့်စွာ ဟောပြောနိုင်သော၊ ဆွေးနွေးနိုင်သော မြန်မာ လူငယ်များဖြစ်နိုင်ကြပါစေ။